Cellulite လို့ခေါ်တဲ့ အဆီပြင်တွေကို ဖယ်ရှားကြရအောင်
အမျိုးသမီး အများစုရဲ့ ပေါင်၊ တင်ပါးနဲ့ ဝမ်းဗိုက်မှာ တွေ့ရတတ်တဲ့၊ အသားအရေက ချောမွေ့မနေဘဲ အဖုအဖုတွေနဲ့ အဆီပြင်တွေကို ဆယ်လျူလိုက် (Cellulite ) လို့ ခေါ်ပါတယ်။ အမျိုးသားတွေမှာလည်း ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဆယ်လျူလိုက်တွေ ရှိတာဟာ ရောဂါတစ်ခု မဟုတ်ပါဘူး၊ ပုံမှန်ပါပဲ။ ဒါပေမယ့် ဆယ်လျူလိုက်တွေက အလှပျက်စေလို့ အမျိုးသမီးတွေ မလိုချင်တဲ့အရာလည်း ဖြစ်ပါတယ်။
ဆယ်လျူလိုက်တွေ ဘာကြောင့် ဖြစ်တတ်လဲ?
လွယ်လွယ်ပြောရရင်တော့ အရေးပြားရဲ့အောက်မှာ အဆီပြင်တွေ များလာတာပါ။
• သွေးဆုံးချိန်ကာလတွေမှာ အီစထရိုဂျင်ဟော်မုန်း လျော့နည်းလာပြီး အရေပြားကို သွေးစီးဆင်းမှု လျော့နည်းလာပါတယ်။ သွေးစီးဆင်းမှုနည်းရင် အောက်ဆီဂျင်လျော့နည်းလာပြီး ကော်လဂျင်ထုတ်လုပ်မှု ကျသွားလို့ အသားအရေ လျော့ရဲလာသလို အဆီတွေလည်း ပိုများလာတတ်ပါတယ်။
• အတွင်းခံကျပ်ကျပ်တွေ ဝတ်လေ့ရှိရင်လည်း အရေပြားကို သွေးစီးဆင်းမှု နည်းသွားစေလို့ ဆယ်လျူလိုက်တွေ ဖြစ်နိုင်ခြေ များပါတယ်။
• ဆယ်လျူလိုက်တွေဟာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို အဆီ၊ ကာဗိုဟိုက်ဒရိတ်နဲ့ ဆား အစားများတဲ့သူတွေမှာလည်း ပိုအဖြစ်များပါတယ်။
ဘယ်လို ဖယ်ရှားကြမလဲ?
(1) လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက အဆီပိုတွေကို ဖယ်ရှားပြီး ကြွက်သားတွေကို ကျစ်လစ်စေတာမို့ ဆယ်လျူလိုက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(2) အမျှင်ဓာတ် များများစားပါ
ထမင်းဖြူ၊ ပေါင်မုန့်ဖြူ၊ အချိုပွဲနဲ့ အချိုရည်တွေဟာ အဆီပိုတက်စေတာမို့ ရှောင်သင့်ပါတယ်။ ဆန်လုံးညို၊ ပေါင်မုန့်ညို၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေ များများစားတာက
အဆိပ်အတောက်တွေကို ကင်းစင်စေပြီး ဆယ်လျူလိုက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(3) ရေများများသောက်ပါ
တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက် သောက်တာကလည်း အဆိပ်အတောက်တွေ ကင်းစင်စေပြီး ဆယ်လျူလိုက်တွေကို ဖယ်ရှားပေးနိုင်မှာပါ။
(4) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက သွေးလှည့်ပတ်မှု မကောင်းစေသလို အရေပြားကို လျော့တွဲစေတာမို့ ဆေးလိပ်ဖြတ်သင့်ပါတယ်။
(5) စနစ်တကျ ဝိတ်ချပါ
ဝိတ်ချတဲ့အခါ အဆီပိုတွေ နည်းသွားမှာ မှန်ပေမယ့် ရုတ်တရက် ကိုယ်အလေးချိန် အများကြီး ကျသွားရင်၊ အစားပဲရှောင်ပြီး လေ့ကျင့်ခန်းမလုပ်ရင် ကြွက်သားတွေက လျော့တွဲနေနိုင်တာမို့ စနစ်တကျ ဝိတ်ချဖို့ အရေးကြီးပါတယ်။
(6) နှိပ်နယ်ပေးပါ
ရေချိုးတဲ့အခါဖြစ်ဖြစ်၊ လိုးရှင်းလိမ်းတဲ့အခါ ဖြစ်ဖြစ် ဆယ်လျူလိုက် အဆီပြင်တွေကို မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးရင် တဖြည်းဖြည်း ချောမွေ့လာစေနိုင်ပါတယ်။
(7) ခရင်မ် လိမ်းပေးပါ
ကဖင်းပါတဲ့ ခရင်မ်တွေက အရေပြားကို တင်းရင်းစေပါတယ်။ ကော်လဂျင်ပါတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေကိုလည်း အသုံးပြုလို့ ရပါတယ်။ ခရင်မ်လိမ်းပြီး နှိပ်နယ်ပေးပါ။
(8) Retinol ပါတာ သုံးပါ
လိုးရှင်းခရင်မ်တွေ ဝယ်တဲ့အခါ Retinol ပါတာကို ရွေးပါ။ Retinol က ဆယ်လျူလိုက်တွေကို မဖယ်ရှားပေးနိုင်ပေမယ့် အရေပြားကို ချောမွေ့တင်းရင်းစေပါတယ်။ 0.3% ဆိုရင် လုံလောက်ပါတယ်။
(9) လေဆာနဲ့ ဖယ်ရှားခြင်း
လေဆာနဲ့ ဖယ်ရှားတာက စျေးကြီးပေမယ့် မနာကျင်တဲ့ ကုသမှုပါ။ တစ်ခါ ကုသမှုခံယူထားရင် ၆ လခန့်အထိ အာနိသင်ရှိနိုင်ပါတယ်။
(10) နှိပ်နယ်စုပ်ထုတ်ပြီး ဖယ်ရှားခြင်း
Lipomessage လို့ခေါ်တဲ့ လှိမ့်ပြီး နှိပ်နယ်ကာ စုပ်ထုတ်ပေးတဲ့ စက်ကလေးကို သုံးပြီး ဖယ်ရှားရတဲ့နည်းက စျေးကြီးပြီး ထပ်ခါထပ်ခါလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
(11) Cellfina ဖြင့် ဖယ်ရှားခြင်း
Cellfina ဆိုတာက ထုံဆေးထိုးကာ အပ်အရွယ်လောက်ပဲ ရှိတဲ့ သေးငယ်တဲ့ စက်ကလေးကို အဆီပြင်တွေကြားထဲ ထိုးထည့်ပြီး အရေပြားအောက်မှာ စည်းကြိုးဖြစ်စေကာ ဆယ်လျူလိုက်တွေ စုမလာအောင် တားဆီးပေးတဲ့နည်းပါ။ တစ်ခါလုပ်ထားရင် ၂ နှစ်ခန့် အာနိသင် ရှိနိုင်ပါတယ်။
ဆယ်လျူလိုက် အဆီပြင်တွေကြောင့် အလှပျက်ပြီး စိတ်ဓာတ်ကျနေရင် အခုပြောပြခဲ့တဲ့ နည်းတွေနဲ့ ကြိုးစားပြီး ဖယ်ရှားကြည့်လို့ ရပါတယ်။ ကုသမှုတွေ လုပ်ချင်ရင်တော့ နားလည်တတ်ကျွမ်းတဲ့ အလှအပရေးရာ ဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်